Page 2 - ko san ni
P. 2
မှတ်မိသေးတယ် အဲဒီတုန်းက သံချပ်အသင်းတွေက အိုးဝေ၊ မန္တလေးသား၊ နွေတမာန် (သည်နှစ်သင်းသည်
တစ်သင်းတည်း ဟုသိရသည်)၊ ဗိုလ်သခင်ဆရာ၊ ရွှေစွန်ညို၊ ချမ်းအေးက ရှမ်းကလေး၊ ဆရာ့ရဲ့ဆရာ၊
ပိတောက်ကုန်းက မျောက်ရှုံး စတဲ့ သံချပ်အသင်းတွေ အများကြီး ပေါ်ခဲ့တာ။
အိုးဝေနဲ့ အချို့ သံချပ်အသင်းဆိုရင် တစ်ခါတစ်ရံ သင်္ကြန်အတွင်းမှာ သံချပ်ကို မတိုင်လိုက်ရတဲ့ နှစ်တွေ
ရှို့ဘူးတယ်။ ကားစထွက်ပြီး အဖွင့် သံချပ်တိုင်အပြီးမှာတင် ထိလုံး ငြိလုံးတွေရဲ့ စွမ်းပကားကြောင့် ရဲစခန်းအတွင်း
မောင်းနှင်ပြီး ဂိတ်ထိုးထားလိုက်ရတော့တာ သင်္ကြန်တွင်း တစ်တွင်းလုံးပဲ ဆိုပါတော့။
လွမ်းစရာ အလွန်ကို ကောင်းပါတယ်။ သံချပ်တွေ အရေးကောင်းခဲ့တဲ့ ဆရာကြီးတွေလည်း ရှိမှ
ရှိနေကြပါသေးရဲ့လားလို့ လွမ်းတသသလည်း ဖြစ်မိပါရဲ့။ အဲဒီလို အရသာမျိုး ဒီတစ်သက် ပြန်လည်လို့မှ
ရနိုင်ပါဦးတော့မလားလို့လည်း မှန်းဆပြီး လွမ်းတမ်းတဖြစ်နေဆဲပါပဲ။
ဒါ့ကြောင့်လည်း သင်္ကြန်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်သိထားတာလေးတွေရော ကိုယ့် လက်လှမ်းမမီလိုက်တဲ့
သင်္ကြန်ပိုးအကြောင်းလေးတွေကို ဘာရယ်မဟုတ် မှတ်တမ်းသဘောမျိုးလေး ဖြစ်အောင် စုဆောင်း
ထိန်းသိမ်းထားချင်တာနဲ့ တစ်ရပ်ကွက်ကျော်မှာ နေတဲ့ ဦးဆန်နီဆိုတဲ့ ကိုယ်နဲ့လည်း မျက်မှန်းတန်းပြီး
ခင်မင်နေတဲ့သူနဲ့ တွေ့ဆုံပြီး စကားလက်ဆုံကြရပါတော့တယ်။
သူက ဟိုးတုန်းက သင်္ကြန်မှာ သံချပ်ကို ကိုယ်တိုင် ရှေ့ကလည်း တိုင်ပေးခဲ့တဲ့သူဆိုတော့ သူ့ကို သင်္ကြန်
အကြောင်းနဲ့ ပတ်သက်ပြီး တီးခေါက်ကြည့်ချင်တာနဲ့---သူ့ကို အထူးတလည် ဖိတ်ပြီး ဆိုင်ကယ်ပေါ် တင်လို့ ----
တစ်ခုသော ညနေခင်း အချိန်----အရက်ချို အချစ်ခါးတော့ မဟုတ်ပါဘူး။ ဘီယာဆိုင်လေးဆီကိုပေါ့
----------------------------------
အခန်း(နှစ်)
" တူးကပ်---ကောင်လေး------ အမြည်းကို လေးလေးကြိုက်တာ မှာပါ "
" ရုန်းပတီသီးနဲ့ မြေပဲ ပါရင် ရပြီ "
" ရုန်းပတီသီးနှစ်ကင်ရယ် နံကင်နှစ်ကင်နဲ့ ကြက်ဖင်စီဖူး အဲဒါအရင်ချ ပြီးမှ ထပ်မှာမယ်။ ကဲ လေးလေး
စလိုက်ရအောင်။ လေးလေးတို့ခေတ်---ကိုယ်တိုင် နွှဲခဲ့တဲ့---သံချပ်ခေတ်လေးပေါ့၊ ကြားဘူး သိဘူးထားတော့၊
အဟဲ--- အဲဒါလေးက စပြီး ပြောကြည့်ပါဦး "
" ပါတီယောင်ယောင် ဟိုယောင်ယောင်
ရူးချောင်ချောင်တွေ စားသာနေတယ်-----အင်း---ဟိုးတုန်းကသံချပ်ခေတ်နော်--ခုခေတ်ပြောတာဟုတ်ဘူး၊
တော်ကြာ မင်းလုပ်တာနဲ့ အလကားနေရင်း ချောင်းပဲ အရိုက်ခံရမလား၊ ငပိကြော်နဲ့ပဲ နှစ်ပါး သွားရမလား တစ်ခုခု
ဖြစ်သွားနိုင်တဲ့ကိန်း ဆိုက်ကုန်မယ်၊ ဟိုခေတ် ဟိုခေတ်---ဟုတ်တယ်နော် ငါပြောတာ "
" ဟုတ်ပါ လေးလေးရဲ့---အဲဒါ ကျွန်တော် သိပါတယ် "
ကျွန်တော်နှင့် ရှေ့မီ နောက်မီ ကိုဆန်နီ Page 2