Page 8 - ko san ni
P. 8
အဲလို မရဘူးလေဗျာ----တဲ့၊ အာ့ဆို သီးသန့်မှတ်လေဗျာ---သီးသန့်မှတ်ရအောင် ပြန်ရိုက်ချိန်လည်း မရတော့ဘူးလို့-
---ရက်ကလည်း ကပ်နေပြီ---ဘယ်ဟာက ဘာတွေမှန်းလည်း မသိတော့ဘူး ဗျာလို့ --ဆိုတော့ အဲဒါ ငါတို့နောက်ကို
ခါးပတ်ကြားကားကြီးနဲ့ တောက်လျှောက် လိုက်နေတာဗျာ-----အဲတုန်းက နဂါးဒေါ်ဦး(ဆေးလိပ်)မဏ္ဍပ်ကလည်း
ရှယ်ကိုးကွ။ ပျိုနဂါးမယ်သင်္ကြန်တို့ ဘာတို့ သီချင်းတွေဆိုတာ အဲဒါပေါ့။ အကသင်ပေးတာကလည်း
တစ်ကယ့်နာမည်ကြီး ပန်တျာမြဝင်းတို့ ပန်တျာကျော်ဝင်းတို့က သင်ပေးထားတော့ တစ်ကယ့် ဒိတ်ပေါ့ကွာ။
ကိုယ်တို့က စစ်ကိုင်းကအပြန် နဂါးဝင်ရောဆိုပါတော့။ သိတဲ့အတိုင်းပဲလေ----သံချပ်အဖွဲ့ဆိုတော့
သိပ်လက်မခံချင်ဘူး။ မိန်းကလေးတွေကလည်း လက်မခံချင်ဘူး။ သံချပ်ဆိုတာ အမျိုးသားတွေနဲ့
ဘုန်းကြီးတွေလောက်ပဲ လက်ခံတာကိုးဟ။ မဏ္ဍပ်က ကြီးကြပ်သူက ကောင်မလေးတွေကို မျက်စပစ်ပြတော့
ကမယ့်မိန်းကလေးတွေ အထဲ အကုန်ဝင်ကုန်ကြပါလေရော၊ မကဘူးပေါ့လေ၊ အောဟောဟော ခင်ဗျားတို့က
ဒီလိုလား--ရတယ်၊ ကားဆရာ သော့ပိတ်၊ ခင်ဗျား လက်ဘက်ရည်ဆိုင် သွားထိုင်နေ၊ ကားကြီး ပိတ်ထား၊ အဲဒီအချိန်
မြို့မကားကလည်း နောက်က ရောက်လာပြီ။ တဂွီဂွီနဲ့ တို့ကို လမ်းတောင်းပြီ၊ လုံခြုံရေး ကလည်း အစ်ကိုတို့
ထွက်ပါတဲ့၊ မထွက်ဘူး၊ ကားဆရာလည်း ဘယ်သွားမှန်းမသိဘူး၊ ကားကလည်း နှိုးမရဘူး၊ ငါတို့ကတော့ ဒီအတိုင်း
မိုးလင်းရင်လည်း လင်းပစေတော့ နေမှာ---ဆိုတော့ ဟာဗျာ--------တွေဘာတွေ ဖြစ်ကုန်ရော၊ ကပ်တာ ကပ်တာ၊
မော်တော်ပီကယ်တွေရော၊ လုံခြုံရေးတွေရော အကုန်ဝိုင်းတွန်းတာ လူက လေးငါးခြောက်ဆယ်လောက်ပါတယ်။
ကား ဘယ်လိုလုပ်တွန်းရမှာလဲ ကားကြီးကိုက ဒီအတိုင်းတောင် လေးရတဲ့အထဲ လူက ၆၀ လောက်
တက်ထိုင်နေတော့ ဟား-------သူ့မေလခွမ်း ဘယ်လိုလုပ်ကြမတုန်း။ ဘယ်လိုမှ မလုပ်နဲ့ အဲဒီကောင်မလေးတွေ
ထွက် က ပေးရင် ကျွန်တော်တို့ကား ဖြစ်အောင် ရွှေ့ပေးမယ်၊ မကရင်တော့ မတတ်နိုင်ဘူး လုပ်ရော၊
ကောင်မလေးတွေ ထွက်ကို ကပေးရတာ၊ နောက်က မြို့မနဲ့ ပါလာတဲ့ မင်းသား ဝင်းဦးတောင် လန့်နေတာ--ဟဲဟဲ
အဲဒီခေတ်က မြို့မနဲ့ဝင်းဦးခေတ်ကိုး။ အရပ်ထဲမှာ ပြိုးပြိုးပြောင် ဘိုးဘိုးအောင်လား လျက်ဆားသည်လား ဆိုတာ
သူ့ခေါ်တာပဲကွာ---အာ တစ်ကိုယ်လုံး လက်လက် လက်လက်နဲ့ မိုးကြိုးပစ်မှာတောင် ကြောက်ရသေးဗျာ--- "
" ဟား ဟား ဟား ဟား ဟား "
" ဘိုးဘိုးအောင်လား လျက်ဆားသည်လား ဆိုတာ သူ့ခေါ်တာပဲကွာ---အာ တစ်ကိုယ်လုံး လက်လက် လက်လက်နဲ့
မိုးကြိုးပစ်မှာတောင် ကြောက်ရသေးဗျာ---အဲဒီတုန်းက ဝင်းဦးခေတ်ကိုး---ဒါနဲ့ နဂါးမဏ္ဍပ်ကနေ ဒီဘက်
လာလိုက်တော့ ဈေးချိုသူ၊ ဈေးချိုသူတွေက ကော့သောင်လုံချည်တွေနဲ့ ရွှေခြေကျင်းတွေနဲ့ ကကြတာ၊ တို့တုန်းက
မဏ္ဍပ်တွေဆိုတာအများကြီး။ တို့ ၁၉ လမ်းတင်ကို မဏ္ဍပ်လေးခု၊ အနောက်ထိပ်မှာတစ်ခု၊ နောက် တို့ ဒီဘက်ထိပ်မှာ
ပန်းချီဦးစုရ၊ အခု-ပန်းချီ မချစ်ချစ်နားမှာလေ၊ အဲဒါ ခေတ်ညွန့်ရေသဘင်မဏ္ဍပ်၊ ညောင်ပင်ဈေး ဒီဘက်
လမ်းမြောက်ဘက်က ကေသီယဉ်၊ ရွှေပြည်ဓမ္မာရုံ အနောက်ဘက် နဂါးဆေးလိပ်ခုံနားမှာက တစ်ခု၊
ဒါးတန်းမှာဆိုလည်း နာမည်ကြီး ချစ်ပန်းနွယ် ဆိုတာ ရှိသေးတယ်။ ခုလိုမျိုး ကျုံးဘေးဆိုတာစည်မှ မစည်တာ၊
ကျုံးဘေးမှာထက် ရပ်ကွက်တွေမှာစည်တာ၊ လမ်းကြောဆိုတာ တစ်မှမတစ်တာ ငါ့ညီကလဲ "
(တစ်=လူစည်ကား )
" လေးလေးတို့ သံချပ်အသင်းနာမည်က "
" ငါတို့ အသင်းနာမည်လား အစကတော့ သခွပ်ပင်က မီးတကျီကျီ။ အဲဒီနာမည်နဲ့ စိစစ်ရေးတင်တော့ မင်းတို့ကွာ
သည်နာမည်ကြီးတော့ မလုပ်ကြပါနဲ့ နဂိုကတည်းမှ မန်းလေးက မီးခဏခဏ လောင်ရတဲ့အထဲ ဒီတော့ ဒီလိုလုပ်ကွာ
မင်းတို့ကောင်တွေကလည်း မျောက်ရှုံးမယ့်ကောင်တွေ သင်္ကြန် အရိပ်အငွေ့လည်းပါအောင် ပိတောက်ကုန်းက
မျောက်ရှုံးဆို မကောင်းဘူးလား။ အဲသလို စိစစ်ရေးလူကြီးတွေ ကင်ပွန်းတပ်ပေးလိုက်တာ ငါတို့ကလည်း အင်း
မဆိုးဘူး အဲဒီနာမည် ကြိုက်တယ်ဆိုပြီး တို့အဖွဲ့နာမည်က အဲသလို ဖြစ်သွားတာ "
ကျွန်တော်နှင့် ရှေ့မီ နောက်မီ ကိုဆန်နီ Page 8